ပုဂံ မှ နေပြည်တော်သို့ ချီတက်သည့် အလုပ်သမား သပိတ်စစ်ကြောင်း ရဲအင်အားဖြင့် အကြမ်းဖက်ဖမ်းဆီးခံရ

Breaking_News


နိုင်လင်းဦး

ပုဂံ မှ နေပြည်တော်သို့ ချီတက်သည့် အလုပ်သမား သပိတ်စစ်ကြောင်းအား ဒီဇင်ဘာလ ၁၃ ရက်နေ့ က ညောင်ဦးအထွက် ကျောက်ကူးကွေ့အနီးတွင် ရဲအင်အားဖြင့် အကြမ်းဖက် ဖမ်းဆီးခဲ့ကြသည် ။

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံဒေသရှိ သရပါဟိုတယ် မှ အလုပ်ထုတ်ခံ အလုပ်သမားများ၏ အလုပ်ပြန်လည်ခန့်ထားပေးရေးတောင်းဆိုနေသည့် သပိတ်စခန်းဖြိုခွင်းခံရပြီးနောက် ဒီဇင်ဘာလ ၁၃ ရက်နေ့က နံနက်ပိုင်းက အလုပ်သမားများစုပေါင်း၍ ပုဂံ မှ နေပြည်တော်သို့ စတင် ချီတက် ခဲ့ခြင်းဖြစ်သည် ။

“ပြည်သူ့ရဲတွေပြောပြီး အကြမ်းဖက်တယ် ။ ကျွန်တော်တို့ ငြိမ်းချမ်းစွာ ချီတက်သပိတ်မှောက်တာပါ ။ ဒါကိုအင်အားသုံးပြီး သပိတ်စစ်ကြောင်းကိုတာဆီးတာဖြစ်တယ်။´´ ဟု အဖမ်းဆီးခံ အလုပ်သမားတစ်ဦး က ပြောသည် ။

အလုပ်သမား သပိတ်စစ်ကြောင်းကို ရဲအင်အားဖြင့် အကြမ်းဖက်ဖြိုခွဲပြီး ဗကသ ကျောင်းသားများအပါအဝင် သပိတ်မှောက် အလုပ်သမား ကျား မ စုစုပေါင်း (၁၃) ဦးကျော်ကို ဖမ်းဆီးခေါ်ဆောင်ခဲ့ကြသည် ။

ထိုသို့ အလုပ်သမား သပိတ်စစ်ကြောင်းကို ရဲအင်အားဖြင့် အကြမ်းဖက်ဖြိုခွဲ ဖမ်းဆီးမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာရဲတပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့က သတင်းထုတ်ပြန်ပေးခြင်း မရှိခဲ့ပေ ။

ချီတက်ဆန္ဒပြရာတွင် သရပါဟိုတယ် မှ အလုပ်ထုတ်ခံအလုပ်သမားများ အပြင် ကြံ့နှစ်ကောင် ဘိလပ်မြေစက်ရုံ ၊ ပါဝါဓာတ်ခဲစက်ရုံ ၊ မီကိုကော်ဖီစက်ရုံ စသည်တို့မှ အလုပ်ထုတ်ခံအလုပ်သမားများလည်းပါဝင်ကြောင်း သိရသည် ။

သရပါဟိုတယ် မှ အလုပ်ထုတ်ခံအလုပ်သမားများအနေဖြင့် အောက်တိုဘာလ ၁၂ ရက်နေ့ကစတင်၍ အလုပ်ထုတ်ခံအလုပ်သမားများ ပြန်လည်ခန့်ထားပေးရေးအတွက် သပိတ်စခန်းစခန်းဖွင့်ခဲ့ပြီး ရက်ပေါင်း (၆၀) ပြည့်သည့်နေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၁ နာရီကျော်အချိန်က ယင်းသပိတ်စခန်းကို ဖြိုခွင်းခဲ့ခြင်းဖြစ်သည် ။
Credit

thefifthwavenews #အလုပ်သမား #အကြမ်းဖက် #ဖြိုခွင်း

109 Views

Leave a Reply

Your email address will not be published. Required fields are marked *