ရဲအယောင်ဆောင်၍ ဆိုင်ကယ်များလိုက်လံဖမ်းဆီးသူ လူငယ် ၄ ဦးကိုဖမ်းဆီးရမိ

ရဲအယောင်ဆောင်၍ ဆိုင်ကယ်များလိုက်လံဖမ်းဆီးသူ လူငယ် ၄ ဦးကိုဖမ်းဆီးရမိ
——— အကုန်သိသတင်းဌာန ———


ယူနီဖောင်းဖြင့်ရဲအယောင်ဆောင်၍ ဆိုင်ကယ်များလိုက်လံဖမ်းဆီးနေသည့် လူငယ် ၄ ဦးကို ဖမ်းဆီးအရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန် ပတ်လမ်းအနီး၌ရဲယူနီဖောင်းဝတ်ဆင်၍ ဆိုင်ကယ်များလိုက်လံဖမ်းဆီးနေကြောင်းသတင်းရရှိသဖြင့် လှော်ကားနယ်မြေရဲတပ်ဖွဲ့ဝင်များက ဒီဇင်ဘာလ ၁၁ ရက် ည ၁၂ နာရီခန့်တွင်သွားရောက်စစ်ဆေးခဲ့သည်။
အခင်းဖြစ်နေရာ၌ ရဲတပ်ဖွဲ့၏နက်ပြာရောင်ယူနီဖောင်းအင်္ကျီလက်တိုဝတ်ဆင်ထားသူ ထွန်းမျိုးကျော်(ခ)ထော်ကြီး(၂၀)နှစ်နှင့် လင်းလင်းဖြိုး(၁၉)နှစ်တို့နှစ်ဦးကို ဆိုင်ကယ်ဖြင့်တွေ့ရှိဖမ်းဆီးရမိပြီး မင်းခန့်ဇော်(၁၉)နှစ်နှင့် ဘိုဘိုဝင်း(ခ)စည်သူ(၁၉)နှစ်တို့ ၂ ဦးမှာ နံပါတ်မပါဆိုင်ကယ်ဖြင့်မောင်းနှင်ထွက်ပြေးသွားခဲ့သည်။
သို့သော် ရွှေပြည်သာမြို့နယ် (၉)ရပ်ကွက် ငုရွှေဝါပန်းခြံအတွင်း၌ ၎င်းတို့နှစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့သဖြင့် စစ်ဆေးရာတွင် ၎င်းတို့ ၄ ဦးတို့ကိုယ်၌ဆောင်ထားသည့် ဓားဦးချွန် ၄ ချောင်းကိုလည်း တွေ့ရှိသဖြင့် ရာဇသတ်ကြီး ပုဒ်မ – ၁၇၀ (ပြည်သူ့ဝန်ထမ်းအယောင်ဆောင်မှု)၊ လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)၊ ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ ၈/၁၀ တို့ဖြင့်လည်းကောင်း ထွန်းမျိုးကျော်(ခ)ထော်ကြီး(၂၀)နှစ်နှင့် လင်းလင်းဖြိုး(၁၉)နှစ်၊ မင်းခန့်ဇော်(၁၉)နှစ်နှင့် ဘိုဘိုဝင်း(ခ)စည်သူ(၁၉)နှစ်တို့ကို လှော်ကားနယ်မြေရဲစခန်း၌ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

213 Views

Leave a Reply

Your email address will not be published. Required fields are marked *